မြန်မာနိုင်ငံမှ COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် ဆေးသုတေသနဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်အပါအဝင် ကာကွယ်ရေးဖော်ထုတ်နိုင်မည့် ပညာရှင်များနှင့် COVID-19 ရောဂါကွယ်ဆေးထုတ်လုပ်ရန် နည်းလမ်းတွေ့ရှိထားသည့် ဒေါက်တာအောင်မြင့်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သူ့ရဲ့တင်ပြမှုကို ကျွန်တော်တို့ဝန်ကြီးဌာနကနေရပါတယ်။ အဲတော့ ဆေးသုတေသနဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ကာကွယ်ရေးဖော်ထုတ်နိုင်မယ့် ပညာရှင်တွေနဲ့ ကျွန်တော်တို့ ဒေါက်တာအောင်မြင့်အဖွဲ့နဲ့တွေ့ဆုံပြီး ရန်ကုန်ဆေးသုတေသနမှာဆွေးနွေးနေပြီဖြစ်ပါတယ်။ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာတော့ တိုင်ပင်ညှိနှိုင်းနေတဲ့အဆင့်ပဲရှိပါသေးတယ်“ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က News Watch သို့ ပြောကြားကြောင်းသိရပါတယ်။

ဒေါက်တာအောင်မြင့်

ဒေါက်တာအောင်မြင့်သည် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရန်နည်းလမ်းတွေ့ရှိထားသူဖြစ်ပြီး ဆေးထုတ်လုပ်ရန် အချိန်နှစ်ပတ်နှင့်လတ်တလောကုန်ကျစရိတ်မြန်မာငွေ ကျပ်သိန်း ၁၅၀ ခန့်ကို နိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြထားပြီး ခွင့်ပြုချက်ရရှိပါက ကာကွယ်ဆေးထုတ်လုပ်မှုကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကာကွယ်ဆေးထုတ်လုပ်မှုတင်ပြချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဆေးသုတေနဦးစီးဌာနနဲ့ပေါင်းပြီး ဆောင်ရွက်လို့ရအောင်စီစဉ်နေပါတယ်။ ကျွန်တော်တို့ဆီကို အသေးစိတ်အစီရင်ခံစာ တက်မလာသေးပါဘူး။ ကျွန်တော်တို့ဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။ ဖြစ်နိုင်ခြေတွေကို ကျွန်တော်တို့ဘက်က ပံ့ပိုးပေးဖို့အတွက် စီစဉ်နေပါတယ်“ဟု ဒေါက်တာသာထွန်းကျော်က ဆက်လက်ပြောသည်။

ဒေါက်တာအောင်မြင့်သည် ယခင်က ကြက်မွေးမြူရေးလောကတွင် ကိုရိုနာဗိုင်းရပ်စ်တမျိုးဖြစ်သည့် ကြက်လေပြွန်ရောင်ရောဂါ(IB disease)ဖြစ်ပွားစဉ်က ကိုယ်တိုင်ကာကွယ်ဆေးထုတ်လုပ်ပြီး ထိရောက်စွာကုသပေးနိုင်ခဲ့သူဖြစ်သည်။

ဒေါက်တာအောင်မြင့်

လတ်တလောကုန်ကျမည့် ငွေကျပ် သိန်း (၁၅၀) မှာ ဆေးထုတ်လုပ်ရန်မဟုတ်ဘဲ၁၄ ရက်အတွင်းစမ်းသပ်မည့်ပစ္စည်းကိရိယာများဝယ်ယူရန်ဖြစ်ပြီး ဆေးထုတ်လုပ်ပြီးပါကလည်း လူနှင့်စမ်းသပ်ရမည်ဖြစ်သောကြောင့် နိုင်ငံတော်မှခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ကာကွယ်ဆေးထုတ်လုပ်ရာတွင်ပါဝင်မည့် ဒေါက်တာသန်းဇော်ဦးကပြောသည်။

ကျွန်တော်တို့ဆီမှာ အစမ်းသပ်ခံမယ့်လူတွေကလည်းအသင့်ရှိနေပါပြီ။ ဆေးထုတ်ပြီးရင် လူသားတွေကိုလည်း ကယ်တင်ခွင့်ရမယ်။ နိုင်ငံတကာကိုလည်း ဒီနည်းလမ်းကိုမိတ်ဆက်ပေးနိုင်မှာဖြစ်ပါတယ်“ဟု ၎င်းကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းအယောက် ၂၀ ရှိပြီဖြစ်ပြီး အသက် ၆၉ နှစ်အရွယ် လူနာအမှတ် ၅ မှာ မတ် ၃၁ ရက်က သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆေးပညာရှင်များသည် COVID-19 ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးကို ကြိုးပမ်းလျက်ရှိနေပြီး ရောဂါကာကွယ်ဆေးဖော်ထုတ်နိုင်ရန်အတွက်လည်း အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။

Leave a Comment

Your email address will not be published. Required fields are marked *