အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုဆေးရုံတစ်ခုတွင် ကိုဗစ်ရောဂါကူးစက်ခံနေရသော လူနာတစ်ရာကျော်ကို အမေရိကန်ဆေးသုတေသနကုမ္ပဏီ Gilead Sciences က ထုတ်လုပ်သော Remdesivir ဆေးဖြင့် ကုသရာတွင် အားလုံးနီးပါးလျှင်မြန်စွာ သက်သာ ပျောက်ကင်းလာကြောင်း STAT သတင်းကို ကိုးကား၍ CNN သတင်းဌာနက သတင်းဖော်ပြသည်။

ကိုဗစ်ရောဂါခံစားနေရသည့် လူနာ ၁၂၅ ဦးကို Remdesivir ဆေးဖြင့် ကုသရာတွင် အများစုမှာ အဖျားပြန်လည်ကျဆင်းပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ သက်သာပျောက်ကင်းပြီး ရက်အနည်းအတွင်း ဆေးရုံမှ ဆင်းနိုင်ကြကြောင်း သတင်းဖော်ပြသည်။

Remdesivir ဆေးသည် COVID-19 ရောဂါကို ဖြစ်ပွားစေည့် SARS-COV-2 ဗိုင်းရပ်စ်ကို ကုသနိုင်သည့် ပထမဆုံးသော ဆေးဝါးအဖြစ် ဓာတ်ခွဲသုတေသနစမ်းသပ်မှုများအရ သတ်မှတ်ထားပြီး လတ်တလော လူနာများတွင် စမ်းသပ်ကုသနေပြီဖြစ်ကြောင်း၊ ကမ္ဘာတစ်၀န်းကလည်း Gilead ဆေးကုမ္မဏီ၏ စမ်းသပ်ကုသမှု အခြေအနေ ရလဒ်များကို စောင့်ဆိုင်းနေပြီး ဖြစ်ပေါ်တိုးတက်မှုများရှိနေကြောင်း ၊ အမေရိကန်FDA နှင့် အစိုးရ၏ ခွင့်ပြုချက် ရရှိရန် အလားအလာများလည်းရှိနေကြောင်း၊ အဆိုပါဆေးဝါးသည် ဘေးကင်းပြီး ထိရောက်မှု ရှိပါက ကမ္ဘာတစ်၀န်း ကိုဗစ်ရောဂါကို ကုသရန် ပထမဦးဆုံးသော ဆေးဝါးဖြစ်လာနိုင်ကြောင်း သတင်းက ဆိုသည်။

အမေရိကန် ချီကာဂိုဆေးတက္ကသိုလ်က ကိုဗစ်ရောဂါပြင်းထန်စွာ ခံစားနေရသော လူနာ ၁၁၃ ဦး အပါအ၀င် စုစုပေါင်း လူနာ ၁၂၅ ဦးကို Remdesivir ဆေးဝါးဖြင့် ကုသခဲ့ကြောင်း ၊ ယင်းတို့ထဲတွင် ၂ ဦးသေဆုံးခဲ့ပြီး အများစုမှာ ဆေးရုံမှ သက်သာ ပျောက်ကင်း၍ ဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်းကောင်းကတော့ လူနာတော်တော်များများ ဆေးရုံကနေ သက်သာပျောက်ကင်းပြီး ဆင်းနိုင်ကြပါတယ်။ ဒါပေမယ့် ၂ ဦးကတော့ ဆုံးပါးသွားခဲ့ပါတယ်” ဟု ချီကာဂိုဆေးတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်သူ Kathleen Mullane က ပြောဆိုသည်။

လတ်တလော ရလဒ်များသည် Remdesivir ၏ ထိရောက်မှု အခြေအနေတချို့သာဖြစ်ပြီး ဆက်လက်၍ စမ်းသပ်မှုများကို ဆက်လက်ဆောင်ရွက်နေပြီး ရလဒ်များကို မပြောနိုင်သေးကြောင်း၊ သက်ဆိုင်ရာ Gilead ကုမ္ပဏီကလည်း စမ်းသပ်မှုများ ဆောင်ရွက်နေသော်လည်း ရလဒ်များကို မထုတ်ပြန်သေးကြောင်း သတင်းက ဆက်လက်ဖော်ပြသည်။

Gilead ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်မူ “လက်ရှိအခြေအနေမှာ ကျနော်တို့အနေနဲ့ ပြောနိုင်တာက လုပ်ဆောင်နေတဲ့ စမ်းသပ်မှုတွေကနေ ရလဒ်တွေ ရရှိဖို့ မျှော်လင့်ထားပါတယ်” ဟု ထုတ်ပြန်ပြောဆိုသည်။

ချီကာဂိုမှ Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှု ခံယူခဲ့ရသော ကိုဗစ် လူနာတချို့ကလည်း ဆေးဝါးဖြင့် စတင်ကုသချိန်မှစတင်ပြီး အဖျားကျဆင်းပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာများ သက်သာပြီး ရက်အနည်းငယ်အတွင်းဆေးရုံမှ ဆင်းနိုင်ခဲ့ကြကြောင်း ပြောဆိုထားကြသည်။

မူရင်းသတင်းကို အောက်ပါလင့် https://www.statnews.com/…/early-peek-at-data-on-gilead-co…/ တွင်ဖတ်ရှုနိုင်ပါသည်။

CNN တွင် အဆိုပါသတင်းကို ဖတ်ရှုလိုပါက https://edition.cnn.com/…/coronavirus-remdesivir…/index.html တွင်သွားရောက် ဖတ်ရှုနိုင်ပါသည်။

စာသား- ကိုဗစ်ရောဂါကို စမ်းသပ်ကုသနေသော Remdesivir ဆေးဝါး။

Credit: Ko Kyaw Swar Myint

Leave a Comment

Your email address will not be published. Required fields are marked *