အဆုတ်ရောင်လက္ခဏာတွေ့ရတာကြောင့် ပဲခူးမြို့ ဂျိုးသိန်းအထူးဆေးရုံကနေ  ကလိဆေးရုံ သို့ ပို့ဆောင်ထားတဲ့ လူနာတဦး ဧပြီလ ၁၅ ရက်မနက် ၅ နာရီလောက်က သေဆုံးသွားတယ်လို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးငြိမ်းက ဒီဗွီဘီကိုပြောပါတယ်။

သေဆုံးသူက အင်းတကော်မြို့က အသက် ၆၁ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂ ရက်လောက်ကတည်းက လက်အသားကြေလို့ဆိုပြီး ဂျိုးသိန်းအထူးကုဆေးရုံကို တက်ရောက်ကုသနေတာပါ။

ဂျိုးသိန်းအထူးကုဆေးရုံမှ ကလိဆေးရုံသို့ အရေးပေါ်ပြောင်းရွှေ့သွားသည့်လူနာ သေဆုံး

ဒေါက်တာအေးငြိမ်းက “သူ့မှာ ဆီးချိုရောဂါလည်းရှိသလို နမိုးနီးယားလက္ခဏာနဲ့ဆင်တဲ့ လက္ခဏာလည်း တွေ့ရှိတဲ့အတွက် ဧပြီလ ၈ ရက်က သူ့ကို ကလိဆေးရုံကို အရေးပေါ် ပြောင်းရွှေ့ခဲ့ကြတာပါ။ အဲဒီအတွက် သူ့ကို ဓာတ်ခွဲစမ်းသပ်တဲ့အခါ COVID-19 လက္ခဏာ မတွေ့ရှိရပါဘူး။ အခုသေဆုံးရတာကလည်း သူ့လက်ကခွဲထားတဲ့အနာကလည်း မကျက်သေးတာ၊ သူ့မှာဆီးချိုကလည်းရှိ၊ အသဲရောင်အသားဝါ ဘီပိုးကလည်းရှိသေးတယ်။ ရောဂါက စုံတဲ့အပြင် အသက်ကလည်းကြီးတော့ ရောဂါစုံနဲ့ ဆုံးသွားတာပါ။ COVID နဲ့ သေတာတော့ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ပဲခူးမှာ အခုလို သံသယလူနာအဖြစ်ကုသဖို့ ကလိဆေးရုံကို ခေါ်ဆောင်သွားတဲ့ လူနာတစ်ဦး သေဆုံးသွားတဲ့အပြင် အရင်ကလည်း အလားတူ  သံသယလူနာ ၂ ဦးသေဆုံးဖူးပါတယ်။

အခုသေဆုံးသူအပါအဝင် ၃ ဦးလုံးက COVID-19 ရောဂါ မတွေ့ရှိတဲ့ Negative လူနာတွေပဲဖြစ်ပြီး သူတို့ရဲ့ တခြားဝေဒနာတွေကြောင့် သေဆုံးသွားရတာဖြစ်ပါတယ်။

သတင်း – အောင်စိုးမိုး

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *