အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် သေဆုံးသူဦးရေဟာ ၃၀၀၀၀ ကျော်သွားခဲ့ပြီး တိုင်းပြည်ဟာ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီမို့  စီးပွားရေးကို ပြန်ဖွင့်နိုင်ဖို့ လမ်းညွှန်ချက်တွေ ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ ဧပြီ ၁၅ ရက်အထိ သေဆုံးသူဦးရေက ၃၀၈၀၀ ကျော်ဖြစ်ပြီး  ဒါဟာ နှစ်ရက်ဆက်တိုက် စံချိန်တင် မြင့်တက်တာဖြစ်တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

နယူးယောက်မြို့မှာတင် သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပြီး  ဒီကိန်းဂဏန်းက သေဆုံးသူ တွေထဲမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်ပေမဲ့ ဆေးစစ်မှုမလုပ်ရသေးသူတွေကိုပါ ထည့်သွင်း တွက်ချက်ထားတာဖြစ်ပါတယ် ။

 

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ ၆၃၅၀၀၀ ရှိခဲ့ပြီး ကမ္ဘာတဝန်းကူးစက်ခံရသူဦးရေကတော့ ၂ သန်း ကျော်ရှိ လာပြီလို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနည်းတဲ့ ပြည်နယ်ပေါင်း ၂၀ ရဲ့ အုပ်ချုပ်ရေးမှူးတွေကတော့  သမ္မတ ထရမ့်ရဲ့ မေလ ၁ ရက် သတ်မှတ်ရက်မှာ စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်ရေး စတင်ဖို့ အဆင်သင့်ဖြစ်နိုင်တယ်လို့ အမေရိကန် ကျန်းမာရေး ထိပ်တန်း အရာရှိတယောက်က  ပြောပါတယ်။

အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲက ၁၇ ခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၁၀၀ အောက်မှာပဲ ရှိနေပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *