ယနေ့ ဧပြီ ၁၇ ရက်နေ့မှာ ဝူဟန်မြို့တွင် Covid-19 ကြောင့်သေဆုံးသူပြန်လည်မြင့်တက်ခဲ့ကာ တရုတ်အစိုးရကတော့ သူတို့အနေနဲ့ ရောဂါနဲ့ပတ်သတ်ပြီး ဖုံးကွယ်ထားခြင်းမရှိဘူးလို့ ခုခံပြောဆိုနေပါတယ်။ သေဆုံးမှုနှုန်းဟာ ရုတ်တရက်မြင့်မားလာခဲ့ပြီး အချို့သေဆုံးမှုတွေက မှားယွင်းစွာအကြောင်းကြားမိခြင်းဖြစ်တယ်လို့လည်း ဆိုနေပါတယ်။ ဝူဟန်အစိုးရရဲ့အဆိုအရ ယနေ့သေဆုံးသူ ၁၂၉၀ ဦးရှိခဲ့ကာ ယခုလအစောပိုင်းက ရောဂါကိုထိန်းချုပ်နိုင်ပြီဟု ကြွေးကြော်ကာ မြို့တွင်းအသွားအလာတွေပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

@CNA

ယခုသေဆုံးမှုကြောင့် ဝူဟန်မြိ့တစ်မြို့တည်းတွင် သေဆုံးသူ ၃၈၆၉ ဦးရှိလာခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို ၄၆၃၂ ဦးဖြစ်ပါတယ်။ ယခုလို အနောက်နိုင်ငံတွေရဲ့ စွပ်စွဲမှုကို ရင်ဆိုင်နေရချိန် သေဆုံးမှုနှုန်းပြန်လည်မြင့်တက်လာတဲ့အတွက် တရုတ်နိုင်ငံခြားရေးရာဌာနက ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ” တရုတ်နိုင်ငံဟာ Covid-19 နဲ့ပတ်သတ်ပြီးတစ်စုံတစ်ရာဖုံးကွယ်ထားခြင်း အလျင်းမရှိပါဘူး။ ဒေသအသီးသီးကအုပ်ချုပ်သူတွေကိုလည်း ဖုံးကွယ်ခွင့်မပေးခဲ့ပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ လူဦးရေ ၁.၄ ဘီလီယံနီးပါး နေထိုင်တဲ့တရုတ်နိုင်ငံမှာCovid-19 ကူးစက်ခံရသူဟာအီတလီနဲ့စပိန်လို နိုင်ငံလေးတွေရဲ့ကူးစက်ခံရမှုနှုန်းထက် လျော့နည်းနေပါတယ်။

ယခုဆိုလျှင် သမ္မတထရန့်အပါအဝင် အနောက်နိုင်ငံခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ ရောဂါနဲ့ပတ်သတ်ပြီး မပွင့်လင်းမှုနဲ့ ရောဂါပိုးဟာ ဝူဟန်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ အစပြုခဲ့တယ်လို့ စွဲချက်တွေနဲ့ တရုတ်ကို ဖိအားပေးနေတာပါ။ ဗြိတိန် နိုင်ငံခြားရေးရာဌာနအကြီးအကဲ Dominic Raab က” ကျွန်တော်တို့ တရုတ်ကို မေးချင်တဲ့မေးခွန်းက ဒီရောဂါဘယ်လိုအစပြုခဲ့လဲနဲ့ သိသိလျက်နဲ့ဘာလို့ အချိန်မှီထိန်းချုပ်ဖို့မကြိုးစားခဲ့တာလဲ ” ဆိုတာပါလို့ ပြောပါတယ်။ ပြင်သစ် သမ္မတ Emmanuel Macron ကလည်း ” ရောဂါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့မသိသေးတဲ့အချက်တွေရှိနေနိုင်ပြီး တရုတ်ကရောဂါပိုးကို ထိရောက်စွာကိုင်တွယ်နိုင်ခဲ့တယ်ဆိုတာ ကလေးကိုသွားပြောရမယ့်စကားသာဖြစ်တယ် ” လို့ပြောကြားခဲ့ပါတယ်။

@CNA

တရုတ်အစိုးရရဲ့ ဖြောင့်ချက်နောက်တစ်ခုက ယခုလို သေဆုံးသူအရေအတွက်များပြားလာရခြင်းဟာ ယနေ့တစ်နေ့တည်းသေဆုံးမှုမဟုတ်ပဲ ယခင်ကသေဆုံးတာတွေပါပါဝင်ကြောင်း၊ ယခင်သေဆုံးမှုတွေကို အတိအကျသတင်းမပေးနိုင်ရခြင်းက ဆေးဝန်ထမ်းတွေဟာ လက်ရှိလူနာတွေနဲ့ပဲ ရုန်းကန်နေရပြီးသေဆုံးသူတွက်ချက်ရာမှာလိုအပ်ချက်တွေရှိခဲ့ကြောင်းနဲ့ တချို့က နေအိမ်အတွင်းမှာပဲသေဆုံးခဲ့တာကြောင်း အတိအကျတွက်ချက်ဖို့အချိန်လိုခဲ့တာဖြစ်ကြောင်း ချေပပြောဆိုတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာ ရောဂါပြင်းထန်နေချိန်က သေဆုံးသူနဲ့ကူးစက်ခံရသူဦးရေ စာရင်းကိုပြန်ကြည့်ရင်လည်းသမရိုးကျမဟုတ်တာတွေတွေ့နေရပါတယ်။ ဒါနဲ့ပပတ်သတ်ပြီး ဖေဖော်ဝါရီ လလယ်က လူ၁၅,၀၀၀ လောက်ရုတ်တရက်ထိုးတက်လာရခြင်းဟာ အဆုတ်ရောဂါသည်တွေနဲ့ ရောဂါစစ်ဆေးဆဲလူနာတွေကိုပါ တစ်ခါတည်းပေါင်းထည့်ခဲ့လို့လို့ ပြောပြန်ပါတယ်။

ဒါ့အပြင် သေဆုံးသူစာရင်းမှာ ထည့်သွင်းထားတဲ့ လူ ၁၀၈ ဦးကို နှစ်ခါရေတွက်မိတယ်လို့ဆိုကာ ပြန်လည်နှုတ်ယူခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းကျပြန်တော့ အဆုတ်ရောဂါခံစားနေရသူတွေကို ထည့်သွင်းရေတွက်ခြင်းမပြုတော့ပြန်ပါဘူး။ ယခုလို တရုတ်အစိုးရရဲ့ ဗလောင်းဗလဲလုပ်နေတာတွေကိုဝေဖန်သူတစ်ဦးက ” တရုတ်နိုင်ငံဟာ ရောဂါနဲ့ပတ်သတ်ပြီးအခြားနိုင်ငံတွေဖိအားပေးတာနဲ့ရင်ဆိုင်နေရတာလား။ ယခုကပ်ဘေးမှာသေဆုံးသူနဲ့ကူးစက်သူစာရင်းကို တရုတ်နိုင်ငံအနေနဲ့ ကုလားဖန်ထိုးလို့ရမှာမဟုတ်ဘူး။ ရိုးသားလိုက်တာအကောင်းဆုံးပါ” လို့ ရေးသားခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source- CNA

Leave a Comment

Your email address will not be published. Required fields are marked *