တရုတ်နိုင်ငံဟာ Covid-19 ကူးစက်ခံရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် သုံးမိနစ်ကြာငြိမ်သက်ဆုတောင်းမှု တစ်ခုကိုပြုလုပ်ခဲ့ကြပြီး ရောဂါပိုးကြီး အမြန်ဆုံးရပ်တန့်သွားဖို့လည်း ဆန္ဒပြုခဲ့ကြပါတယ်။ ယခု ဆုတောင်းမှုကို နိုင်ငံအတွင်းသေဆုံးခဲ့သူ ၃၃၀၀ အတွက်ရည်ရွယ်ပြီး စနေနေ့ မနက်ဒေသစံတော်ချိန် ၁၀နာရီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

@CNA

မော်တော်ကားတွေ၊ မီးရထားတွေနဲ့ သင်္ဘောတွေဟာ လည်း ဟွန်းသံပေး ဥသြစွဲ ကာ ပါဝင်ခဲ့ကြပါတယ်။ မနှစ်က ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ Covid-19 ရောဂါပိုးဟာ ယခုဆိုရင် နိုင်ငံပေါင်း ၁၈၁ နိုင်ငံကျော်က အသက်ပေါင်း ၆သောင်းနီးပါးကို နှုတ်ယူသွားပြီလည်းဖြစ်ပါတယ်။ ဝူဟန်မြို့မှာတော့ မနက် ၁၀နာရီအချိနိမှာ လမ်းစုံလမ်းဂွက မီးပွိုင့်တွေပါမကျန် အားလုံး မီးနီပြခဲ့ကြပြီး ရောဂါပိုးကို အံတုပြီး ပြည်သူတွေကို ကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၄ ယောက်အတွက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။

@CNA

၎င်း ဝန်ထမ်း ၁၄ဦးနဲ့အတူ တွဲဖက်တိုက်ပွဲဝင်ခဲ့တဲ့ သူနာပြုဆရာမတစ်ဦးက ” အသက်ပေးခဲ့ရတဲ့ ကျွန်မလုပ်ဖော်ကိုက်ဖက်တွေနဲ့ လူနာတွေအတွက် တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာအနားယူနိုင်ဖို့ ဆုတောင်းပါတယ်” လို့ ဝမ်းနည်းစွာပြောကြားခဲ့ပါတယ်။ မြို့တော်ဘေဂျင်းမှာတော့ သမ္မတရှီကျင်းပင်အပါအဝင် အစိုးရတာဝန်ရှိသူတွေဟာ အဖြူရောင်ပန်းပွင့်တွေကို ရင်ဘတ်မှာထိုးကာ ဂုဏ်ပြုဆုတောင်းပွဲကို ပါဝင်ခဲ့ကြပါတယ်။ စနေနေ့ ဆုတောင်းပွဲဟာ တရုတ်ရိုးရာ ဘိုးဘွားကန်တော့ပွဲ Qingmin Festivalနဲ့ တိုက်ဆိုက်နေတာကြောင့် ဘိုးဘေးတွေကိုပါဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

တရုတ်နိုင်ငံဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ Covid-19 ရောဂါနဲ့ စတင်ဖြစ်ပေါ်နေပြီလို့ WHO ကို အသိပေးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှာတော့ ကူးစက်ခံရသူ အယောက် ၆၀ ရှိပြီလို့ကြေငြာခဲ့ပါတယ်။ သို့သော်လည်း လေ့လာသူတွေက အဲ့ဒီအချိန်ကတည်းက ကူးစက်ခံရသူ အယောက် ၁၇၀၀ လောက်ရှိနေပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။ နောက်နှစ်ရက်အကြာ ဇန်နဝါရီ ၂၀မှာတော့ သန်းချီတဲ့ တရုတ်ပြည်သူတွေ နှစ်ကူးအတွက် ခရီးသွားဖို့ပြင်ဆင်ခဲ့ကြပြီး ရောဂါကူးစက်ခံရသူဟာ သုံးဆ အယောက်၂၀၀ အထိကူးစက်ခံခဲ့ရပြီး မြို့တော် ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ Shenzhen အထိပါ ရောက်ရှိခဲ့ပါတယ်။

@CNA

တရုတ်နှစ်ကူးနောက်ပိုင်းကစလို့ ရောဂါကူးစက်မှုဟာ အာရှ နဲ့ ဥရောပကို စတင်ပြန့်နှံ့လာခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်တော်များများကို ပြန့်နှံ့ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ အိမ်မက်ဆိုးက ရုန်းထဖို့အသည်းအသန်ကြိုးစားခဲ့ရကာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က မှ ဝူဟန်မြို့ရဲ့ နှစ်လတာ မြို့ပိတ်ထားမှုကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပါ။

အမေရိကန်နိုင်ငံမှာတော့ ရောဂါကြောင့်အသက်သေဆုံးသူ ၇၁၅၂ ဦးရှိလာပြီဖြစ်ကာ လွန်ခဲ့တဲ့ ၂၄နာရီအတွင်း သေဆုံးသူ ၁၄၈၀ ဦးရှိခဲ့တာပါ။ သောကြာနေ့ နောက်ဆုံးသတင်းတွေအရ အမေရိကန်မှာ ကူးစက်ခံရသူစုစုပေါင်း ၂၇၇,၉၅၃ ဦးရှိပါပြီ။ အမေရိကန်နောက်မှာတော့ အီတလီနဲ့စပိန်တို့ကရောဂါဒဏ်ကို အလူးအလဲခံရတဲ့နိုင်ငံတွေအဖြစ်ရပ်တည်လို့နေပါတယ်။ အီတလီမှာသေဆုံးသူ ၁၄,၆၈၂ ဦးရှိပြီဖြစ်ကာ စပိန်မှာတော့ သေဆုံးသူဦးရေ ၁၀,၉၃၅ ရှိပါပြီ။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Leave a Comment

Your email address will not be published. Required fields are marked *