မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နယ်မြေ (၁၇B) ဝန်ဇင်းရပ်ကွက်မှာ ဧပြီ ၁၅ ရက် ညက COVID-19 ရောဂါကာကွယ်ဖို့အတွက်  ရပ်ကွက်ထဲရောက်နေတဲ့ ဧည့်သည်တွေကို သွားရောက် မေးမြန်းရာက ရာအိမ်မှူး တဦး ဓားခုတ်ခံရတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

ဝန်ဇင်းရပ်ကွက်နေ ဆယ်အိမ်စုမှူး ကိုငယ်လေး (ခ) ကိုထွန်းအောင်ကျော်ရဲ့နေအိမ်မှာ ဧည့်သည်ရောက်တယ်ဆိုပြီး သတင်းပေးတိုင်ကြားချက်ရတဲ့အတွက် ရာအိမ်မှူး ဦးမြင့်နိုင်က  သွားရောက်မေးမြန်းရာ မချေမငံ ပြန်ပြောတာကြောင့် ရပ်ကွက်ရုံးမှာပဲ ရှင်းတော့မယ် ဆိုပြီး လှည့်အပြန်မှာ ကိုငယ်လေးက “ဒီကောင်ကိုခုတ်ကွာ” လို့ အော်ဟစ်ပြောဆိုလို့ သားဖြစ်သူ သက်ကျော်က ဓားရှည်နဲ့ ခုတ်လိုက်တာလို့ ဝန်ဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက ပြောပါတယ်။

“မနေ့ညက ဖြစ်တာပါ။ ဓားခုတ်ခံလိုက်ရတာက ရာအိမ်မှူးပါ အခုတော့ ဆေးရုံ တင်ထားပါတယ်။ သွေးလိုလို့  ၂ ပုလင်းတောင် ရှာပေးခဲ့ရတယ်။ ဦးခေါင်းနဲ့ လက်မောင်းကို ဓားခုတ်ခံရပါတယ်။ ရပ်ကွက်ထဲက လူတွေက ကိုဗစ်ရောဂါကြီးကို ကြောက်ကြတော့ ဘယ်အိမ်မှာ လူစိမ်းတွေ တွေ့နေရတယ်၊ အုပ်ကြီးတို့ လုပ်ကြပါဦးဆိုပြီး ခဏခဏတိုင်ကြတယ်။ ရောဂါအကူးခံရ မှာလည်း ကြောက်ရ၊ သွားမေးလို့ မကျေနပ်ရင် ရန်လုပ်ခံရမှာလည်း စိုးရိမ်ရဖြစ်နေတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ရာအိမ်မှူး ဦးမြင့်နိုင်ရဲ့ ဦးခေါင်းမှာ ဆောင်းထားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကွဲပြီး ဦးခေါင်းဒဏ်ရာရကာ လက်မောင်းမှာလည်း ဒဏ်ရာရခဲ့တဲ့အတွက် သူ့ရဲ့သားဖြစ်သူက တရားလိုပြုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အမှတ်(၂)ရဲစခန်းတာဝန်ကျရဲဝန်ထမ်းက “ဝန်ဇင်းရပ်ကွက် ရာအိမ်မှူး ဓားခုတ်ခံရတာ။ ဟုတ်ပါတယ်။  ရဲဆေးစာနဲ့ ဆေးရုံတင်ထားတယ်။ အမှုဖွင့်ထားပါတယ်”လို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မိတ္ထီလာအမှတ် (၂) ရဲစခန်းမှာ ကိုငယ်လေး (ခ) ကိုထွန်းအောင်ကျော်နဲ့ သက်ကျော်တို့ကို ပြတ်ရှသောလက်နက်ဖြင့် ပြင်းထန်ဒဏ်ရာရစေမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-ဦးသန်းဝင်းလှိုင်

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Leave a Comment

Your email address will not be published. Required fields are marked *